ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်မှ ၁၀ ရက်နေ့ များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ ငွေပမာဏစုစုပေါင်းတန်ဖိုးမှာ ၁၀၁၄၆၅၀၆ ဒဿမ ၈၇ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏စုစုပေါင်းငွေပမာဏတန်ဖိုးမှာ ၆၅၅၂၅၁ ဒဿမ ၁ ကန်ဒေါ်လာ တင်သွင်းမှု ရှိခဲ့ပါသည်။
တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ မြေထောက်ပဲ၊ ကြံ၊ ပဲတီစိမ်း၊ ပဲယင်း၊ ငရုတ်သီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေး စခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၂၂၂၃၆၈၉ ဒဿမ ၈၇ ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည် နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ ငွေပမာဏတန်ဖိုးမှာ ၇၉၂၂၈၁၇ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။
သွင်းကုန်ပစ္စည်းများမှာ ကုန်ထုတ်စက္ကူများ၊ လယ်ထွန်စက်များ၊ ဓါတုဗေဒချည်ခင်များ၊ ဆေးဝါး ပစ္စည်းများ၊ သံနှင့် သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ ဓါတ်မြေဩဇာများ၊ သားရေ/သားရေတုဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ သံပိုက်၊ ရာဘာပိုက်၊ Empty Cargo Container 45’ Feet နှင့် ပလပ်စတစ်ခြင်းတောင်းများ တင်သွင်းမှု ရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၃၂၀၅၄၂ တင်သွင်း မှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ ငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၃၃၄၇၀၉ ဒဿမ ၁ တင်သွင်းမှု ရှိခဲ့ပါသည်။
မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၂၆ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၆ ဒဿမ ၇၄ ကျပ် ရှိကြောင်းသိရှိရပါသည်။
မနောမြေကုန်သွယ်မှုဗဟိုဌာန